ပညာရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်းကျင်းပသော National ICT Awards 2019 (Educational Project & Skills Competition) တွင် ဆုရရှိခဲ့သော ပြိုင်ပွဲဆုရပရောဂျက်များ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၈ ရက်နေ့ (တနင်္လာနေ့)တွင် Zoom Online Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးမှ ပညာရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်းကျင်းပသော National ICT Awards 2019 (Educational Project & Skills Competition) တွင် ဆုရရှိခဲ့သော ပြိုင်ပွဲဆုရပရောဂျက်များ ဆုချီးမြှင့်ပွဲ အခမ်းအနားအတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတတ်မှုကို ရရှိအောင် နိုင်ငံတော်အပိုင်းနှင့်အတူ စီးပွားရေး လုပ်ငန်းရှင်၊ မိဘပြည်သူများနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ကဲ့သို့သော အသင်းအဖွဲ့တွေ တက်ညီလက်ညီကြိုးစားသွားမှသာ ပန်းတိုင်ကို အချိန်တိုတိုနှင့် တက်လှမ်းနိုင်မည်ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲဟာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ ICT ဆိုင်ရာ အရည်အသွေး မြင့်မားရေးနဲ့ လေ့လာတီထွင်တဲ့ အလေ့အကျင့်တို့ကို အားပေးချီးမြှင့်သည့် ပြိုင်ပွဲဖြစ်ကြောင်း၊ ခေတ်နဲ့လိုက်လျောညီထွေဖြစ်သည့် တစ်သက်တာ ပေါင်းစပ်သင်ယူမှု အခွင့်အလမ်းများဖြင့်သာ ကျောင်းသား ကျောင်းသူများ၊ သင်ယူသူများရဲ့ IQ, EQ နဲ့ ၂၁ ရာစုဆိုင်ရာ စွမ်းဆောင်ရည်များ ပြည့်ဝလာစေရန်အတွက် လိုအပ်တဲ့ အခြေခံ တတ်မြောက်မှုများ၊ ကျွမ်းကျင်မှုများနဲ့ စွမ်းရည်ဆိုင်ရာတို့ကို ပိုမို မြှင့်တင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်အနေနဲ့လည်း Asia Pacific ICT Alliance (APICTA) Award မှာ အဖွဲ့ဝင်ပြီး သင့်တော်သူများအား စိစစ်၍ ဝင်ရောက်ယှဉ်ပြိုင်စေခဲ့ရာမှာ ၂၀၁၉ ခုနှစ်၊ APICTA ပြိုင်ပွဲရဲ့ Junior Student Category မှာ မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အဖွဲ့က Merit Award ရရှိခဲ့ပြီး ယခုပြိုင်ပွဲဝင်များအတွက် နိုင်ငံတကာအဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အလမ်းများကို လက်လွတ်မခံဘဲ ကြိုးစားရယူကြဖို့ ထပ်လောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်များ နိုင်ငံတကာအဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အလမ်းရရှိနိုင်ဖို့အတွက် ကြိုးစားသွားကြဖို့ တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင် မှ National ICT Awards 2019 (Educational Project & Skills Competition) ဆုချီးမြှင့်ပွဲ အခမ်းအနားအတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ နိုင်ငံတော်၏ လူမှုစီးပွားဖွံဖြိုးတိုးတက်ရေးအတွက် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး (Digital Transformation for Development) ကို ချမှတ်ပြီး Digital Economy၊ Myanmar 4.0၊ Science, Technology and Innovation အတွက် ကြိုးပမ်းလျက် ရှိကြောင်း၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်သည် ၂၀၀၂ ခုနှစ်မှစပြီး Tertiary Student Project Category (၁၇)ခုနဲ့ National ICT Award ပြိုင်ပွဲများကို လည်းကောင်း၊ ၂၀၀၄ ခုနှစ် မှစ၍ အခြေခံပညာ ကျောင်းသား၊ကျောင်းသူများနှင့် ဆရာ၊ဆရာမများအတွက် သီးခြားအစီအစဉ် တစ်ရပ်အဖြစ် ပညာရေးအထောက်အကူပြု ပရောဂျက်ပြိုင်ပွဲ (Educational Project Competition for National Level) ကို ကွန်ပျူတာအသင်းများနဲ့ ပူးပေါင်း၍ လည်းကောင်း၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်ကစပြီး ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ လည်းကောင်း၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် Skill Competition ကိုပါ ထည့်သွင်း၍ National ICT Awards (Educational Project & Skills Competition) ပြိုင်ပွဲကို မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်၊ ဆရာအဆင့် အပြင် အလွတ်တမ်းအဆင့်ကိုပါ ထည့်သွင်း၍ လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်အနေနဲ့ ပြည်ပအဖွဲ့အစည်းများနဲ့ ချိတ်ဆက်ပြီး ပြိုင်ပွဲအမျိုးမျိုးနှင့် ICT ကုမ္ပဏီများ ၊ အစိုးရအဖွဲ့အစည်းများအတွက်လည်း ပြိုင်ပွဲများကို ပြင်ဆင်ချိန်တွင် အကြံပြုခြင်း၊ နည်းပညာများကို ပံ့ပိုးပေးခြင်း၊ အကဲဖြတ်ပေးခြင်း တို့ကိုလည်း လုပ်ဆောင်ပေးခဲ့သည်။
ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်းကျင်းပသော National ICT Awards 2019 (Educational Project & Skills Competition) ပြိုင်ပွဲမှတ်တမ်း Video ပြသခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုချီးမြှင့် ပေးအပ်ခဲ့သည်။
ပြိုင်ပွဲအတွင်း ဆုရရှိသူများကို ဆုချီးမြှင့်ပြီးနောက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ Capacity Building Committee ဥက္ကဋ္ဌ ဒေါ်အေးအေးသင်းမှ National ICT Awards 2019 (Educational Project & Skills Competition) ပြိုင်ပွဲနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးကာ ဆုပေးပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။
# မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် #MCF