၂၇ ရက်နေ့၊ အောက်တိုဘာလ ၊ ၂၀၂၀ ပြည့်နှစ်။
——————————–
Myanmar Cyber Security Month (MCM) 2020 အထိမ်းအမှတ်၏ လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ Secure e-Commerce ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ၊ ၂၇ ရက် နေ့လည် ၁ နာရီ အချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ Online Video Conferencing စနစ်ဖြင့် စတင်ကျင်းပခဲ့သည်။
ရှေးဦးစွာ Secure e-Commerce နည်းပညာဆိုင်ရာ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ ပြောကြားခဲ့ရာတွင် –
– ယခုလို အခမ်းအနားကို ပြုလုပ်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊
– UMFCCI အသင်းချုပ်က မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ပူးပေါင်းပြီး Industry 4.0 ဆိုင်ရာလှုပ်ရှားမှု၊ Covid ကပ်ရောဂါကာလအတွင်း စီးပွားရေးလုပ်ငန်းများ ဆက်လက်ရှင်သန်ရပ်တည်နိုင်အောင် ကြိုးပမ်းမှုများကို အတူတကွ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း ၊
– အိုင်စီတီကဏ္ဍဖွံ့ဖြိုး တိုးတက်လျက်ရှိပြီး အိုင်စီတီရဲ့ အရေးပါမှုကလည်း တစ်နေ့တခြား အလွန်ပင် အရေးကြီးလာပါကြောင်း ၊
– ယခုအချိန် ကိုဗစ်ကာလအတွင်း အစိုးရလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ လူတိုင်း တစ်ဦးချင်းစီက Web နဲ့ မိုဘိုင်း App များအသုံးပြုမှုများလာကြောင်း၊
– အသုံးပြုမှုများလာရခြင်းကြောင့် အစိုးရလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများအနေဖြင့် New Normal နဲ့အတူ Work from Home တွေ၊ e-Commerce တွေ၊ Facebook မှ ရောင်းဝယ်မှုတွေ အလိုလိုကူးပြောင်းလာခဲ့ပြီး e-Commerce လုပ်ငန်းများ ပိုမို ချဲ့ထွင်လာကြောင်း ၊
– e-Commerce လုပ်ငန်းများ တိုးတက်လာမှုနဲ့အတူ Cyber Security ကို မေ့ထားလို့ မရပါကြောင်း၊
– Security ပိုင်းကို အလေးမထားရင် လူတိုင်း လူတိုင်း မသမာသူများရဲ့ သားကောင်အဖြစ် ရောက်ရှိပြီး ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တဲ့ အတွက် သတိရှိကြဖို့လိုပါကြောင်း ၊
– Secure e-Commerce လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး နည်းပညာပိုင်း၊ ဥပဒေပိုင်း၊ စီးပွားရေးရှုထောင့်အစုံက ဝိုင်းဝန်းဆွေးနွေးကြရန်နှင့် နိုင်ငံရဲ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် အသင်းများ၊ US ICT Council for Myanmar တို့လို အသင်းအဖွဲ့များနှင့် လက်တွဲပူးပေါင်းပြီး အခုလို လှုပ်ရှားမှုများကို ကြိုးပမ်းဆောင်ရွက်သွားပါမယ်လို့ နိဂုံးချုပ်အနေဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင် မှ ပြောကြားခဲ့ရာတွင် –
– ကမ္ဘာပေါ်မှာ ၃၉ စက္ကန့်တိုင်းမှာ Cyber attack တစ်ကြိမ် ဖြစ်ပေါ်လျက် ရှိတာကို တွေ့ရှိနေရကြောင်း ၊
– ယခု မျက်မှောက်ခေတ်တွင် ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်လာပြီး စီးပွားရေးကဏ္ဍများအနေဖြင့် မဖြစ်မနေ Online ငွေပေးချေမှုနှင့် ဘဏ်လုပ်ငန်းများပါ Online စနစ်တွေကို သိသိသာသာကြီး အသုံးပြုနေကြရတာကို တွေ့လာရကြောင်း၊
– e-Commerce သည်လည်း e-Government ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်တဲ့အတွက် နိုင်ငံတော်အစိုးရအနေနဲ့ e-Government လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ရန် UMFCCI နဲ့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်းပြီး Myanmar 4.0 အတွက် White Paper ရေးဆွဲနေကြောင်း ၊
– Online စနစ်၊ digital စနစ်တွေ သုံးလာတာနဲ့အမျှ အစိုးရသတင်းအချက်အလက်များ၊ လုပ်ငန်းအချက်အလက်များ၊ ငွေကြေးအချက် အလက်များ၊ ကျန်းမာရေး အချက်အလက်များ၊ Personal Data များ စသည့် အချက်အလက်များ လုံခြုံမှုရှိဖို့အတွက် Cybersecurity က အရေးကြီးလာကြောင်း ၊
– လုပ်ငန်းကဏ္ဍများအနေဖြင့် Cyber Security နှင့် ပတ်သက်တဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ စနစ်တကျ အသုံးချဆောင်ရွက်ခြင်းဖြင့် ကဏ္ဍများအလိုက် အကျိုးကျေးဇူးများစွာ ရရှိနိုင်ကြောင်း၊
– အောက်တိုဘာလ တစ်လလုံးသည် နိုင်ငံတကာ၏ Cybersecurity Month အဖြစ် သတ်မှတ်ထားပြီး နိုင်ငံအသီးသီးမှာ Seminar များ ၊ Workshop များ၊ Training များ ပြုလုပ်ပေးလျက်ရှိကြောင်း ၊
– Myanmar Cybersecurity Month 2020 အစီအစဉ်ရဲ့ Secure e-Commerce ဖြစ်မြောက်ရေးအတွက် ပူးပေါင်း စီစဉ်ဆောင်ရွက်ပေးပါသော UMFCCI ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းတို့အား လည်းကောင်း၊ Platinum Sponsor – Google ၊ Gold Sponsors – Facebook နှင့် VISA အား လည်းကောင်း၊ Official Partner အဖြစ် ပံ့ပိုးပေးပါသော Wave Money အားလည်းကောင်း၊ Moderator များနှင့် Panelist များအား လည်းကောင်း၊ ကျေးဇူးအထူးတင်ရှိပါကြောင်း နှင့် များစွာ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း နိဂုံးချုပ်အနေဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် “Secure E-Commerce” ခေါင်းစဉ်ဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဝင်း ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွဲဖက်အကျိုးဆောင်စာရင်းစစ် ဒေါက်တာတင်လတ် ၊ Wave Money Chief Technology Officer ဦးထင်အောင်လှိုင်၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) အတွင်းရေးမှူး ဦးဇော်ထွဋ်နှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း (MCPA) ၏ ဒုတိယဥက္ကဋ္ဌ ဦးဝင်းထွန်းက Moderator အဖြစ် ဦးဆောင် ဆွေးနွေးခဲ့ကြသည်။
“Secure E-Commerce” နှင့် ပတ်သက်၍ လုပ်ငန်းစဉ်များ၊ လိုအပ်ချက်များ၊ ဆောင်ရန်/ ရှောင်ရန်များကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ၏ သိလိုရာ မေးခွန်းများကို သက်ဆိုင်ရာပညာရှင်များက ပြန်လည်ဖြေကြားပေးခဲ့ပါသည်။
ဆက်လက်ပြီး US ICT Council for Myanmar , Executive Director, Ms. Gretchen Kunze မှ Closing Remark ပြောကြားခဲ့ပြီး Myanmar Cybersecurity Month 2020 အစီအစဉ်၏ Secure e-Commerce အခမ်းအနားကို နေ့လည် ၃ နာရီ အချိန်တွင် ကျင်းပပြီးစီးခဲ့ပါသည်။
မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ်