ရန်ကုန်၊ ဇူလိုင် ၁၇
မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည် များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့ ပူးပေါင်း၍ Myanmar 4.0 Whitepaper ရေးဆွဲရေး Stakeholder Roundtable ပထမအကြိမ် အစည်းအဝေးကို ယနေ့ ညနေပိုင်းတွင် အွန်လိုင်းမှ ကျင်းပရာ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် နာယက ဦးသောင်းတင်၊ ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင် နှင့် အလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း ဥက္ကဋ္ဌ ဦးထွန်းခိုင်နှင့် အလုပ်မှုဆောင်များ၊ မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးထင်အောင်ခိုင်နှင့် အလုပ်အမှုဆောင်များ နှင့် အခြား အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
ပြည်ထောင်စုအစိုးရမှ ဦးစီးပြီး စတုတ္ထစက်မှုတော်လှန်ရေး နှင့် အာဆီယံ (၄.၀) စီမံကိန်းတို့ကို ဦးတည်သော မြန်မာ ၄.၀ စီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း၍ Myanmar 4.0 Whitepaper ရေးဆွဲရန် ပြင်ဆင်လျက်ရှိပါသည်။
ထိုစာတမ်းတွင် အကျိုးပါဝင်ပတ်သက်သူ (Stakeholder) များ၏ ရည်မှန်းချက်များ၊ လိုအပ်ချက်များ၊ အကြံပြုချက်များနှင့် သဘောထားမှတ်ချက်များကို စုံလင်စွာ ထည့်သွင်းသွားနိုင်ရန် လိုအပ်သည့် အလျောက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ကုန်သည်စက်မှုအသင်းချုပ်တို့ ပူးပေါင်း၍ Myanmar 4.0 Stakeholder Roundtable Meeting များကို ကျင်းပသွားမည် ဖြစ်ပါသည်။
ယနေ့ ကျင်းပသည့် ပထမအကြိမ် အစည်းအဝေးတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းမှ အဖွင့်အမှာစကား ပြောကြားရာတွင် အစိုးရ၏ Myanmar 4.0 ဆိုင်ရာ မျှော်မှန်းချက်များ၊ ကော်မတီများ ဖွဲ့စည်းနိုင်ရေးနှင့် ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များကို ပြောကြားပါသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် နာယက၊ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးသောင်းတင်က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားပါသည်။ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာထွန်းသူရသက်နှင့် ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝေဖြိုးတို့က အာဆီယံ နိုင်ငံများ၏ ၄.၀ ဆိုင်ရာ စီမံကိန်းများကို လေ့လာသုံးသပ်ပြီး မြန်မာ ၄.၀နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။
Roundtable ဆွေးနွေးရာတွင် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်က စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ပြည်ပ ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် လုပ်ကိုင်ရာတွင် နည်းပညာ လွှဲပြောင်းရယူနိုင်ခြင်း (Technology Transfer) သည် အရေးကြီးပြီး စီမံကိန်းများ ရေရှည်တည်တံ့နိုင်ဖို့အတွက် လိုအပ်သဖြင့် အသင်းချုပ်က ပြည်တွင်းမှ လက်တွဲဖော်အဖြစ် ရပ်တည်ပေးနိုင်ကြောင်း၊ Supply Side အနေဖြင့် ကူညီပံ့ပိုးပေးရန် အသင့်ရှိပြီး ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အစုအဖွဲ့များတွင် အသင်းချုပ်မှ တာဝန်ရှိသူများက ပါဝင် အားဖြည့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။
ဆက်လက်ပြီး အကျိုးပါဝင်ပါတ်သက်သူများ (Stakeholder) များဖြစ်သော တက္ကသိုလ်များ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ကနဦးရှင်းလင်းတင်ပြပြီးနောက် ဦးစားပေးကဏ္ဍများ သတ်မှတ်ရန် ဆွေးနွေးကြပြီး အစုအဖွဲ့များ အလိုက် ဆက်လက်ဖွဲ့စည်း ဆွေးနွေးသွားမည်ဟု ဆုံးဖြတ်ကြပါသည်။
မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ်