Covid 19 Press Release

Apr 10, 2020 | Activities

ရန်ကုန်၊ အောက်တိုဘာ ၃၀
အစ္စရေးနိုင်ငံရှိအောင်မြင်နေသည့် Golden Ventures Incubator မှ တာဝန်ရှိသူများဖြင့် မြန်မာနိုင်ငံတွင် နည်းပညာလုပ်ငန်းများ ပျိုးထောင်ပေးရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခြင်းကို ၃၀-၁၀-၂၀၂၀ ရက်နေ့ နေလယ် (၁:၃၀) နာရီ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး H.E. Mr. Ronen Gilor၊ Economic Officer ဒေါ်သန္တာမိုးနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းစုငြိမ်း၊ တွဲဖက်အတွင်းရေးမှူးများဖြစ်ကြသော ဒေါက်တာအေးအေးသင်း၊ ဒေါ်ချောခင်ခင်၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးထွန်းခိုင်၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးထင်အောင်ခိုင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်မိုး တို့ တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် Golden Ventures Investment မှ Founder & CEO Mr. Kobi Kalderon က GVI အကြောင်းအနည်းငယ်ရှင်းပြပြီး မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့် စိုက်ပျိူးရေးကဏ္ဍရှိ လိုအပ်နေသော နည်းပညာများကို ကူညီဆောင်ရွက်လိုကြောင်း ပြောကြားပါသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး H.E. Mr. Ronen Gilor က အမှာစကားပြောကြားရာတွင် “ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းသည် အစ္စရေးနိုင်ငံနှင့် မြန်မာနိုင်ငံကြားတွင် ဆက်ဆံရေးတစ်ခုဖြစ်ပြီး အစ္စရေးသံရုံးသည် ဤလုပ်ငန်းစဉ်၏အစိတ်အပိုင်းဖြစ်မည်ဟု ယူဆကြောင်း” ပြောကြားပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင် က “ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်အနေဖြင့်လည်း ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခွင့်ရရှိသည့်အတွက် ဝမ်းမြောက်စွာဂုဏ်ယူမိပြီး လက်ရှိ COVID ကာလတွင်လည်း အသင်းချူပ်မှကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအား ကူညီဆောင်ရွက်ပေးနေသော လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ကြောင်း” ပြောကြားပါသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ် မှ တာဝန်ရှိသူများက COVID ကာလတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အသင်းချူပ်ပူးပေါင်း၍‌ ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ Myanmar 4.0 နှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်နေသာ လုပ်ငန်းများနှင့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ်မှ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ဆောင်မှု ကဏ္ဍကို ကိုယ်စားပြု၍ ကဏ္ဍဆိုင်ရာ အသင်းအဖွဲ့များအတွက် ဆောင်ရွက်သော နိုင်ငံတကာ ကုန်သွယ်မှုဌာန(ITC) ၏ မဟာဗျူဟာအစီအစဉ်နှင့် ဝန်ဆောင်မှုအမျိုးအစားများ စုစည်းမှု ရေးဆွဲခြင်းများနှင့် ပတ်သက်၍လည်းကောင်း အသီးသီးဆွေးနွေးပြောကြားကြပြီး ရှေ့ဆက်လက်ပူးပေါင်း‌ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးပြောကြားပါသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်